“Scholarship” ဆိုတာ ဒီနေ့ခေတ်မှာ ပညာရေးနယ်ပယ်ကို အထူးစိတ်ဝင်တစားရှိကြတဲ့ လူငယ်လူရွယ်တိုင်းနဲ့ ရင်းနှီး ကျွမ်းဝင်ပြီးသား စကားလုံးတစ်ခုပါ။
ကျောင်းသူကျောင်းသား လူငယ်တိုင်းအတွက် အောင်မြင်ဖို့ရာ လမ်းစ တစ်ခုလို့ ဆိုလည်း မမှားပါဘူး။ တခါတလေ ဒီလို အခွင့်အရေးမျိုး ရလာတာတောင် ကျွန်တော်တို့ကိုယ်တိုင် ဘယ်က ဘယ်လို စပြီး တွေးတောစဉ်းစားရမှန်းမသိ၊ ဘာတွေ ပြင်ဆင်လို့ ပြင်ဆင်ရမှန်းမသိနဲ့၊ ကိုယ်နဲ့ရော ကိုက်ညီရဲ့လား၊ တကယ်ရောတက်ချင်တာ ဟုတ်ရဲ့လား စတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဇဝေဇဝါ ဖြစ်နေတတ်တာမျိုးက ကြုံတွေ့နေရပါသေးတယ်။
ဆိုတော့ ဒီနေ့မှာတော့ Scholarship လျှောက်တဲ့အခါ ဘယ်လိုတွေ ပုံစံမျိုး ရေးရမယ် ပြင်ဆင်ရမယ်ဆိုတဲ့ Preparation ပိုင်းတွေရယ် Scholarship မလျှောက်မီ ကိုယ်တိုင် ကြိုတင်စဉ်းစားထားသင့်တဲ့ အချက်တွေကို ဦးစားပေးဖော်ပြပေးလိုက်ပါတယ်။
ကိုယ်က Scholarship တစ်ခုကို လျှောက်တော့မယ်ဆိုပါစို့။
ပထမဆုံးအနေနဲ့
အမှန်တကယ် တက်ရောက်လိုချင်စိတ်ရှိပါစေ။
ပထမဆုံး ပြောချင်တာက ကိုယ်လျှောက်မယ့် Scholarship ကို ကိုယ်အမှန်တကယ်လိုချင်ရဲ့လားဆိုတာ ကိုယ်တိုင် သေချာနေဖို့ပါပဲ။ အတွေ့အကြုံရအောင် Scholarship Program တွေ လိုက်လျှောက်ကြည့်ပါလို့ ဆိုတတ်ကြပေမယ့် အမှန်တကယ် ကိုယ်တိုင် စိတ်ဝင်တစား တက်ရောက်ချင်စိတ်မရှိရင် requirements မှာပါတဲ့ အချက်အလက်တွေနဲ့ ဘယ်လောက်ကိုက်ညီနေပါစေ မလျှောက်တာ အကောင်းဆုံးပါပဲ။ လျှောက်လိုက်တဲ့ Scholarship ကိုရရှိသွားရင် တက်ရောက်ရမယ့် ဘသာသာရပ်ကို အမှန်တကယ် စိတ်ပါဝင်စားမှု၊ တက်ရောက်ရမယ့် တက္ကသိုလ်မှာ သွားရောက် ပညာသင်ကြားချင်စိတ်၊ ရှေ့ဆက်သင်ယူရမယ့် Educational Pathway မှာ အကောင်းဆုံးကြိုးစားမယ်ဆိုတဲ့စိတ် စတဲ့ ရည်မှန်းချက်တွေ ခိုင်မာမှသာ အကောင်းဆုံးပြင်ဆင်ပြီး လျှောက်ထားသင့်တဲ့ အခွင့်အရေးမျိုးပါ။
ကိုယ်ပိုင် Accomplishments Resume ပြင်ဆင်ထားတတ်ပါစေ။
ကိုယ်က ဘယ်လိုမျိုး activities တွေမှာ ပါဝင်လှုပ်ရှားခဲ့ဖူးတယ်၊ ဘယ်လောက် အတိုင်းအတာထိ ကိုယ်တိုင်ကြိုးစားထားပြီး ဘယ်လိုမျိုး ဆုတံဆိပ်တွေ ရခဲ့ဖူးတယ် ဆိုတဲ့ ကိုယ့် အောင်မြင်မှုမှတ်တမ်းတွေက တဆင့် ကိုယ်က ဘယ်လို နယ်ပယ်တွေကို စိတ်ဝင်တစားရှိတတ်တဲ့လူလဲ၊ ကိုယ်က ဘယ်လိုလူမျိုးလဲ ဆိုတာမျိုးကို အတိုင်းအတာ တစ်ခု အထိ ထင်ဟပ်နိုင်တာမို့ ဒီလို Scholarship လျှောက်တဲ့အခါ ကိုယ်ပိုင် Accomplishment Resume က မရှိမဖြစ် အရေးပါပါတယ်။ ဒါကြောင့် အကောင်းဆုံးနဲ့ အစစ်မှန်ဆုံး ကိုယ်ပိုင် အောင်မြင်မှု မှတ်တမ်း တစ်စောင်ကို ဦးစွာ ကြိုတင်ပြင်ဆင်ထားတတ်ပါစေ။
Application Form ကို ဂရုတစိုက် ဖြည့်စွက်တတ်ပါစေ။
Scholarship လျှောက်တိုင်း Fail ဖြစ်ရတဲ့ အကြောင်းအရာတွေထဲမှာ ဒီအချက်က ရာခိုင်နှုန်း အတော်အသင့် ပါဝင်နေလေ့ရှိပါတယ်။ ကိုယ်က တကယ်လည်း တက်ရောက်ချင်လို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေတောင် ပြင်ဆင်ပြီးပြီ။ ဒါပေမယ့် အခြေခံအဆင့်ဖြစ်တဲ့ Application Form ကို တောင် သပ်သပ်ရပ်ရပ်နဲ့ ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ရေးသားနိုင်သူ တစ်ယောက် မဟုတ်ဘူးဆိုရင်တော့ သင့်အတွက် အခွင့်အရေးက အနည်းဆုံး ဖြစ်သွားမှာပါ။
ဆိုတော့ ကိုယ့် Application Form ကိုကြည့်လိုက်တာနဲ့ First Impression ကောင်းမွန်နေအောင် သန့်ရှင်းသပ်ရပ်မှုနဲ့ ပြည့်စုံနေပါစေ။ အရေးကြီးဆုံး ဖြစ်တဲ့ စာရေးသားမှု အပိုင်းမှာ Spelling တွေ Grammar တွေ မှန်ကန်ပါစေ။ ကိုယ့်ရဲ့ စိတ်အားထက်သန်မှုတွေ ပေါ်လွင်နေပါစေ။ Submit မလုပ်မီ နောက်ဆုံးချိန်ထိ စစ်ဆေးပါ။ ကိုယ်တိုင်သာမက မိသားစု သူငယ်ချင်း ဒါမှမဟုတ် ဆရာတွေကို ပေးဖတ်ပါ။ The more eyes, the better ဆိုသလိုပဲ။ နောက်ဆုံး စိတ်ကျေနပ်မှုရှိတယ် ပြည့်စုံတယ်လို့ ခံစားရမှသာ apply လုပ်ပါ။
Just Be You! ပြောချင်တာက သင်က သင်ပဲ ဖြစ်နေပါစေ။
ကိုယ်က ဒီ Scholarship ကို ပိုင်ဆိုင်နိုင်ဖို့ ကိုယ်မဟုတ်တဲ့ အခြားပုံစံကို ချ မပြသင့်ပါဘူး။ ကိုယ့်အကြောင်းမိတ်ဆက်တာပဲ ဖြစ်ဖြစ်၊ Scholarship တွေမှာ ပါဝင်လေ့ရှိတဲ့ ကိုယ်နဲ့ဆက်နွယ်တဲ့ Essay တစ်ခုခုကို ချရေးပြရတာမျိုးတွေ ကြုံလာတဲ့အခါ ကိုယ် အမှန်တကယ် စိတ်ဝင်စားမှုမရှိပါဘဲနဲ့ အကြောင်းအရာ လှပအောင်၊ ပိုမို ထင်ပေါ်သွားအောင် ရေးတာမျိုးတွေက Scholar ဖြစ်လာမယ့် သူတစ်ယောက် မလုပ်သင့်တဲ့ အပြုအမူတွေထဲမှာ ပါပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ ပုံစံအစစ်အမှန်ကိုသာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုနည်းနဲ့ချပြရမလဲဆိုတာကို တွေးတောပြီး ဖန်တီးတတ်ပါစေ။
ဇွဲမလျှော့ပါနဲ့။
အရေးကြီးဆုံးအချက်က ဒီ Scholarship အတွက် ရွေးချယ်မခံရလည်း ကိုယ့်မှာ နောက်ထပ် အခွင့်အရေးတွေ ရှိနေသေးတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လက်ရှိအတွက် အကောင်းဆုံးကြိုးစားဖို့ပါပဲ။ Scholarship ကို အောင်မြင်ခွတ်ခူးသူတိုင်းက တစ်ခေါက်ထဲ အောင်မြင်သွားတယ်ဆိုတာမျိုး ရှားပါတယ်။ သူတို့လည်း ကိုယ့်နည်းတူ ကျရှုံးမှုတွေက တဆင့် သင်ခန်းစာယူပြီး အောင်မြင်အောင် ကြိုးစားခဲ့သူတွေကြီးပါပဲ။
အကယ်၍ ကိုယ်က ဒီတစ်ခေါက်မှာ ကျရှုံးခဲ့ရင်တောင် နောက်ထပ် ရောက်ရှိလာမယ့် အခွင့်အရေးတွေကို လက်လွှတ်လိုက်တဲ့ လူမျိုး မဖြစ်ပါစေနဲ့။
ဒီလို အချက်တွေကို အားလုံး သေချာ စဉ်းစား ပြင်ဆင်ပြီးပြီဆိုရင်တော့ သင်လိုချင်တဲ့ Scholarship အတွက် ယှဉ်ပြိုင်ဖို့ အဆင်သင့် အနေအထားမှာ ရှိနေပြီလို့ ဆိုနိုင်ပါပြီ။
“In the middle of difficulty lies opportunity” ဆိုတဲ့ စကားလိုပါပဲ။ အခက်အခဲတွေ ကြားကနေတဆင့် အောင်မြင်မှု ကို ဆွတ်ခူးဖို့ နောက်ထပ်အခွင့်အရေးဆိုတာ ပေါ်လာစမြဲပါ။
ဒါကြောင့် ကိုယ့် Passion အစစ်အမှန်က ဘာလဲ ဆိုတာကို သေချာရှာဖွေရင်း ရရှိလာတဲ့ အခွင့်အရေးတွေက တဆင့် အောင်မြင်မှုရရှိအောင် ကြိုးစားနိုင်ကြပါစေ။